ဆံပင်ကျွတ်တဲ့အခါ လက်ဖက်စိမ်းနဲ့ ကြက်ဥအနှစ်ရောပြီး လိမ်းပေးနိုင်တယ်။လက်ဖက်စိမ်းက ဆံသားတွေကို နူးညံ့ပျော့ပျောင်းစေတယ်။ ကြက်ဥအနှစ်က ဆံပင်တွေ ကျန်းမာသန်စွမ်းစေတယ်။ အစေ့အဆန်တွေကရတဲ့ အဆီ(Jojoba oil, almond oil, mustard oil, lavender oi)ကို သုံးပြီး ဦးရေပြားကို နှိပ်ပေးနိုင်တယ်။ဗောက်ပျောက်ချင်ရင် jojoba oilကို အသုံးပြုသင့်တယ်။ အာယုဗေဒဆေးကျမ်းမှာ ဆီးဖြူသီးကို အုန်းဆီနဲ့ရော၊ကြိုချက်ပြီး လိမ်းရင် ဆံသားတွေကို အထူးကောင်းမွန်စေတယ်လို့ ဖတ်ရတယ်။ ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးမယ်လို့ဆိုထားတယ်။
ဆံနွယ်ကျွတ်ခြင်း၊ပါးခြင်းအတွက် အမှန်တကယ်သောက်သုံးနိုင်တဲ့ ဆေးဝါးမျိုးမရှိသေးပါဘူး။ လိမ်းဆေးလာတာတော့ ရှိပါတယ်။ ထိပ်ပြောင်သူ၊ဆံပင်ပါးသူအတွက် minoxidil 2% လိမ်းဆေးကို အသုံးပြုနိုင်ပါတယ်။ သို့သော် ဆေးပြန်ဖြတ်တဲ့အခါ ၆လ အတွင်း ဆံနွယ်တွေဟာ နဂိုအတိုင်း ပြန်ကျွတ်ကြတာမို့ ယာယီဆေးပေးပြီး အချိုသတ်ထားသလို ဖြစ်နေပြန်တယ်။ မရှိတာထက်စာရင် တော်လှပြီ အောက်မေ့နေရတယ်။ နောက်ပိုင်းမှာ ရေရှည်အာနိသင်ရှိတဲ့၊အာမခံနိုင်တဲ့ ဆေးမျိုး ပေါ်ပါက်လာနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မပေါ်ခင်စပ်ကြားမှာ ဆံကျွတ်သူတို့ သတိထားရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။ ဆံပင်ဆိုးဆေးသုံးတဲ့အခါ သတိထားပါ။ Chemicalပါဝင်တဲ့ လိမ်းဆေး၊ဆိုးဆေးတွေက ဆံသားကို ပိုမိုပျက်ဆီးစေတယ်။ အမျိုးသမီးတွေ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊လိမ်တာ ဘယ်ဟာမှ အားမပေးချင်ဘူး။ သဘာဝအတိုင်းပဲကောင်းတယ်။ အညစ်အကြေး၊ဖုန်၊ဗောက်ကင်းစင်ပြီး ဦးရေပြားသန့်ရှင်းအောင် ၃ရက်တကြိမ် ခေါင်းလျှော်ပေးသင့်တယ်။ ဆံပင်စိုစွတ်နေစဉ်မှာ ခေါင်းမဖီးပါနဲ့။ ခြောက်သွေ့မှဖီးပါ။ ခေါင်းလျှော်ပြီးနောက် ကျဲတဲ့ဘီးစိတ်နဲ့အရင်ဖီးပါ။ ပြီးမှ ပုံမှန်ဘီးနဲ့ပုံသွင်းပါ။ ရေသုတ်တဲ့အခါ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိမသုတ်ပါနဲ့။ ဖွဖွလေးသုတ်ပါ။ ဆံပင်ကို အလွန်အကျွံ တင်းကျပ်နေအောင် ဆွဲစုမထားပါနဲ့။ ဆံသားတွေ ပျက်ဆီးနိုင်တယ်။ ဆံနွယ်တွေ ကျန်းမာသန်စွမ်းအောင် ဆီတမျိုးမျိုး လိမ်းပါ။ သဘာဝခေါင်းလိမ်းဆီ တမျိုးမျိုး(coconut, olive, canola, jojoba, sesame oil) ကို တပတ်မှာ နှစ်ကြိမ်လောက် လိမ်းပေးသင့်တယ်။
အစားအသောက်တွေထဲမှာ အဆီများတဲ့အစားအစာ၊ကြော်ချက်စာတွေက ဦးရေပြားကို ပျက်ဆီးစေတယ်။အလွယ်တကူစားသုံးနိုင်တဲ့ junk food၊ခေါက်ဆွဲခြောက်တွေက ဆံပင်အတွက် အာဟာရမဖြစ်ဘူး။ ဒီနေရာမှာ လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံတွေ စားပေးသင့်တယ်။ ပန်းသီးတလုံးကို ခွဲထားပြီး နောက်ရက်မှစားတာမျိုးကို လတ်ဆတ်တယ်လို့ မခေါ်နိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လေထဲကအောက်ဆီဂျင်နဲ့ပေါင်းပြီး ဓာတ်တိုးသွားလို့ ဖြစ်တယ်။ ကြည့်လိုက်ရင်လတ်ဆက်မနေဘဲ အညိုရောင်သမ်းနေမယ်။ ဒီအစားအစာမျိုးကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်တယ်။ ကြော်ချက်ထားတဲ့အစားအစာတွေကို စားသုံးတဲ့အခါ နှစ်ပြန်ကြော်တာလည်း မကောင်းဘူး။ ထပ်နွေးတာ၊ပြန်ကြော်တာကအာဟာရဓာတ်ကို ပိုမိုပျက်ဆီးစေတယ်။ ဆံပင်ကျွတ်သူတွေ စားအပ်တဲ့ super food ထိပ်တန်း အစားအစာ ဆိုတာလည်း ရှိသေးတယ်။ အမဲသား၊ငါး၊ကြက်ဥ၊ပဲ၊ဟင်းနုနွယ်၊စပျစ်သီးခြောက်၊ပဲနီလေးစတာတွေ ဖြစ်ပါတယ်။ဆံပင်ကျွတ်တာ၊ပါးတာကို ကာကွယ်ဖို့ ဗီတာမင်အားဆေး သောက်ပေး၊ဖြည့်ပေးနိုင်တယ်။ ပါဝင်သင့်တဲ့ဓာတ်တွေက vitamin A,B6,Biotin,C,E, iron,zinc,magnesium, omega 3 စတာတွေ ဖြစ်ပါတယ်။
အကြံပြုချက်များ
-လေ့ကျင့်ခန်းလုပ်ပါ။
-အိပ်ရေးဝဝ အိပ်ပါ။
-စိတ်ဖိစီးမှုလျှော့ချပါ။
-ရေများများသောက်ပါ။
-အသားဓာတ်များများစားပါ။
-အဆီလျှော့စားပါ။
-အသီးအရွက် ပုံမှန်ထက်ပိုစားသင့်တယ်။
-သစ်သီးဖျော်ရည် သောက်ပေးနိုင်တယ်။
ဒေါက်တာ အေးမင်းထူး
၁၀.၃.၁၆