ပြုလုပ်နည်း
ခန္ဓာကိုယ်တွင်း မလိုအပ်တဲ့ အဆီပိုဖယ်ရှားတဲ့နည်းကို detox လုပ်တယ်လို့လည်းခေါ်တယ်။ detox လုပ်ဖို့ ရေနွေးနဲ့ ရှောက်သီးတလုံးပဲလိုပါတယ်။တကယ်တော့ ဝမ်းတွင်း၊အူထဲမှာ အဆိပ်အတောက်၊အဆီခဲလေးတွေ ပုံမှန်အားဖြင့် ရှိနေတတ်တယ်။ အဲဒါလေးတွေက ဘာမှမဟုတ်ပေမယ့် လူကိုဒုက္ခပေးတတ်တယ်။ အထူး သဖြင့် ရေခဲရေအမြဲသောက်သူတွေမှာ ပိုတွေ့ရတယ်။ အဆီလေးတွေခဲပြီး အူလမ်းကိုပိတ်ရင် အာဟာရ စုပ်ယူမှုကို တားဆီပါသတဲ့။အဲလိုမဖြစ်အောင် အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်၊အဆီခဲတွေကို ဖယ်ရှားပေးရတယ်။
လေ့လာမှုတွေအရ မနက်အိပ်ရာထမှာ ရိုးရိုုးရေနွေး(လက်ဖက်ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာ တွေ့ရတယ်။အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်းကို အသက်ဝင်စေတယ်။ တနေ့တာအစာခြေဖို့အတွက် အခြေခံကောင်းတခုဖြစ်တယ်လို့ ယူဆကြတယ်။အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာချေစနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။ တချို့ကလည်း အာနိသင်ပိုကောင်းအောင် ပိုလီဖီနော(polyphenol)ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲစိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊အရသာကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ်စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာပါဝင်တဲ့ ပက်တင်(pectin)အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်းမှာရှိတဲ့ အစာဟောင်းတွေကို စွန့်ထုတ်ပေးတယ်။ အဆီပိုတွေကိုလည်း ကျဆင်းစေတယ်။
တချို့ကလည်း ရှောက်သီးနေရာမှာ သံပုရာသီးကို သုံးတယ်။ အလျဉ်းသင့်လို့ ဖော်ပြရရင် သံပုရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက်လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျခွဲနိုင်တယ်။ သံပုရာက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပုရာသီးက ပိုချဉ်ပြီး အက်ဆစ်ဓာတ်ကဲတယ်။ ရှောက်သီးကတော့ နည်းနည်းပိုခါးတယ်။ ဒါပေမယ့် ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆပိုများတဲ့ သံပုရာသီးက အောက်ကို နှစ်မြှုပ်သွားမယ်။သိပ်သည်းဆသိပ်မများတဲ့ ရှောက်သီးကတော့ ရေပေါ်မှာ ပေါ်လောပေါ်နေတာ တွေ့ရတယ်။ ဒါက သံပုရာသီးလား၊ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။ ရေနွေးသောက်တဲ့အခါ ရှောက်သီး(သို့)သံပုရာသီး တညလုံးစိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ်စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက်သင့်တယ်။ သောက်တဲ့အခါ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးထက် အသင့်အတင့်ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊အစာမျိုပြွန်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာရောက်တယ်။
ဒီနည်းက ပုံမှန်အားဖြင့် လူတိုင်းနဲ့ သင့်တော်ပါတယ်။ အမေးများတဲ့မေးခွန်းတခုရှိတယ်။ သံပုရာသီးက အစာအိမ်သမားနဲ့ သင့်တော်ပါ့မလားတဲ့။ ပုံမှန်အားဖြင့် သင့်တော်တယ်လို့ ဖြေပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ရှောက်သီးသဘောက အက်ဆစ်ဓာတ်ကဲပေမယ့် ခန္ဓာကိုယ်ထဲရောက်သွားရင် အယ်လ်ကာလီပြောင်းသွားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အစာအိမ်နာဖြစ်နေစဉ်၊ ဗိုက်နာနေစဉ် လုံးဝမသောက်သင့်ပါ။ ပိုဆိုးလာနိုင်တယ်။ တချို့ အူပါးမှာ စိုးရိမ်သူတွေလည်း ရှိတယ်။ အဲလောက်ကြီး မဆိုးရိမ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ချီဆွဲသောက်ဖို့ မလိုအပ်လို့ပါ။ နှစ်ပတ်ခန့် သောက်သုံးတာနဲ့ အသားရေကြည်လင်လာပြီး တလခန့်အကြာမှာ အဆီပိုတွေ ကင်းစင်လာလိမ့်မယ်။
ပြုလုပ်နည်း
အရင်ဆုံးရှောက်သီးတလုံးကိုယူပြီး ခလယ်က ထက်ခြမ်းခြမ်းပါ။ တချို့က ပါးပါးလေးလှီးတယ်။ ပြီးရင် ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး မိနစ်(၂၀ ) ခန့် နှပ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ(၃)စိတ်ကို အစိမ်းလိုက် ဝါးစားပါ။ စောစောက နှပ်ထားတဲ့ ရှောက်သီးခြမ်းရေနွေးဆက်သောက်ပါ။ ရှောက်သီးနေရာမှာ သံပုရာသီးသုံးနိုင်တယ်။ မနက်စောစောအိပ်ရာထ ဘာဆိုဘာမှမစားခငိသောက်ရမှာ ဖြစ်ပါတယ်။
နောက်တနည်းက သံပုရာတခြမ်း၊ သခွားသီးစိတ်(၅)စိတ်၊ ဂျင်းတက်သေးတခု၊ ပူစီနံ နဲနဲကို ရေနွေးပွက်ပွက်ဆူ(300ml)ထဲ ရောသမပြီး နှပ်ထားပါ၊ မိနစ်(၂၀)နေရင် စတင်သောက်သုံးပါ။ တလအတွင်း ဗိုက်ခေါက် အဆီပိုတွေ ပဥ္စလက်ဆန်ဆန် ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။ ဒီနည်းကို ဝိတ်ချနေစဉ် နေ့တိုင်း သောက်ရမှာဖြစ်ပါတယ်။ အနည်းဆုံး တလသောက်ဖို့ တိုက်တွန်းပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၅.၄.၁၆