အသားဖြူဆေးသောက်ခြင်း

အရှေ့တောင်အာရှ လူငယ်တွေကြားမှာ အသားဖြူဆေးသုံးခြင်းဟာ တော်တော်ရေပန်းစား လူကြိုက်များလာပါတယ်။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးတွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံမှာလည်း ခေတ်စားတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံမှာလည်း သုံးစွဲသူ တော်တော်လေးကို များပြားလာပါတယ်။

အသားဖြူဆေးဆိုတာ glutathione ကိုခေါ်တာ ဖြစ်ပါတယ်။ ဆဲလ်ထဲမှာရှိတဲ့ အင်တီအောက်စီးဒင့်တမျိုးဖြစ်ပါတယ်။ အတိုကောက် gluta(သို့) GSHလို့ သုံးကြတယ်။ glutathione ဆိုတာ cysteine, glutamic acid, glycine စတဲ့ အမိုင်နိုအက်ဆစ်သုံးမျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ် တခုချင်းဆီမှာ သူ့အာနိသင်နဲ့သူရှိပါတယ်။ Cysteine က ဓာတ်တိုးဆန့်ကျင်(antioxidant)တဲ့ အာနိသင်ရှိသလို အဆိပ်အက်ေတွေကို ဖယ်ရှားပေးနိုင်တယ်။ Glycine က ဆဲလ်လွှာ မပျက်ဆီးအောင် ကာကွယ်ပေးတယ်။ glutamic acid ကတော့ ဆဲလ်သစ်တွေဖွဲ့စည်းရာမှာ အရေးပါတဲ့ဓာတ်တခုပါ။ အရေပြားဆဲလိတွေ ဖွဲ့စည်းဖို့ အသုံးဝင်တယ်။

Glutathione ကို လူ့ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်နိုင်တယ်။ လူ၊အပင်၊တိရိစ္ဆာန်၊မှို၊ဘက်တီးရီးယားတွေရဲ့ ဆဲလ်တိုင်းမှာ တွေ့ရတယ်။ ဒီထဲမှာ အသည်းကထုတ်တဲ့ glutathione ကတော့ အရေးကြီးဆုံးပဲ။ သူ့တာဝန်က ဆဲလ်ထဲထိ ဝင်ရောက်ပြီး အဆိပ်အတောက်၊အညစ်အကြေးတွေကို သံလိုက်လိုစုစည်းပြီး glutathione disulfide(ဓာတ်တိုးပုံစံ)အဖြစ် ပြောင်းပြီးမှ ချေဖျက်ပစ်တယ်။ ဆဲလ်တွင်းမှာရှိတဲ့ အညစ်အကြေးတွေ သန့်စင်တဲ့အခါ အဆိုပါဆဲလ်က ကြည်လင်သန့်စင်လာပြီး အသားအရည် ဖြူစင်ဝင်းပလာတယ်။ အဲဒီမှာ အသားဖြူတယ်ဆိုပြီး ဖြစ်လာပါတယ်။ ဆဲလ်တွင်း DNAပျက်ဆီးခြင်းမှ ကာကွယ်ပေးလို့ အရေးအကြောင်း၊အမဲစက်၊အမာရွတ်တွေကို လျှော့ပါးသက်သာစေတယ်။ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အသား၊ငါး၊အခွံမာသီး၊လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံထဲမှာ အဆိုပါဓာတ်တွေပါဝင်ပြီးသား ဖြစ်ပါတယ်။

လေ့လာမှုတွေအရ ဆာလဖာ ကြွယ်ဝတဲ့အစားအသောက်တွေက glutathioneပမာဏ မြင့်တက်စေတယ်။ အလွယ် အနံ့နံတဲ့အစားအစာတွေလို့ မှတ်ပါ။ ကြွက်သွန်ဖြူ၊ကြက်သွန်နီ၊ကိုက်လန်၊ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ဂေါ်ဖီစိမ်းတွေက glutathioneပမာဏကို မြှင့်တက်စေတယ်။ ထောပတ်သီးစား အသားလှတယ်ဆိုတာ glutathioneပမာဏကို များစေလို့ပါ။ ဒါ့ကြောင့် အသားဖြူချင်ရင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံအပြင် နံတဲ့အစားအသောက်တွေကိုပါ များများစားပေးပါ။ ထောပတ်သီး၊ခရမ်းချဉ်သီး၊ အခွံမာသီးတွေမှာလည်း ဒီဓာတ်တွေပါတယ်။

နေရောင်ထဲသွားရင် အသားမည်းတဲ့ဖြစ်စဉ်မှာ မယ်လနင်(Melanin)က အရေးပါတယ်။ မယ်လနင် ထွက်လာအောင် Tyrosinaseဆိုတဲ့ အင်ဇိုင်းတမျိုးက လှုံ့ဆော်ပေးတယ်။ Glutathione သဘောက Tyrosinase နဲ့ ပေါင်းပြီး မယ်လနင်ထွက်မလာအောင် တားဆီးလိုက်တယ်။ ရလာဒ်ကတော့ မယ်လနင်မထွက်၊ အသားလည်း မမဲတော့တာပါ။ မယ်လနင်မှန်သမျှ အသားအရေမဲစေတယ်လို့ သိကြတာလည်း သိပ်မမှန်သေးဘူး။ တကယ်က မယ်လနင်ဓာတ် နှစ်မျိုးရှိပါတယ်။ phaeomelanin နဲ့ Eumelanin ဓာတ်တွေ ဖြစ်ပါတယ်။ phaeomelanin ဆိုတာ အသားလတ်စေတဲ့ ရောင်ခြယ်ဆဲလ်ဖြစ်ပြီး Eumelaninကမှသာ အသားမည်းစေတဲ့ ရောင်ခြယ်ဆဲလ်ဖြစ်တယ်။ Glutathione က Eumelanin ထုတ်လုပ်မှုကို တားဆီးပေးပါတယ်။

လက်ရှိ အသားဖြူဆေးတွေမှာ L-glutathione ပုံစံနဲ့ထည့်သွင်းလေ့ရှိပါတယ်။ L-glutathione ဆိုတာ reduced glutathione(ဓာတ်လျှော့ထားတဲ့ပုံစံ) တမျိုးဖြစ်ပါတယ်။အသားဖြူဆေးပေးတဲ့အခါ 1000-2000mg လောက်ပေးမှ ထိရောက်တယ်။ သတိပြုရမယ့် အချက်က အသားဖြူဆေးတွေသောက်ပြီးတိုင်း နီဂရိုးကနေ လူဖြူဘဝချက်ချင်းကြီး ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဆေးအာနိသင်ရဖို့ အချိန်အနည်းငယ် ယူရတယ်။ အရေပြားအောက်လွှာ(dermis)ကတဆင့် အပေါ်လွှာ(epidermis)ရောကိဖို့ အချိန် နည်းနည်းကြာတယ်။ ၃လကျော်မှ ထူးခြားချက်မြင်တွေ့ရပြီး တကယ်အာနိသင်ပြည့်ဖို့ ၃-၆လ လောက် ကြာနိုင်တယ်။ အသားဖြူပြီး နောက်ပိုင်းမှလည်း Glutathione 500-1000mgထိ နေ့စဉ်ဆက်သောက်ဖို့လိုပါသေးတယ်။

အသားဖြူဆေးသောက်တဲ့အခါ အစာမရှိချိန် သောက်သင့်တယ်။ သောက်ဆေးရဲ့ ၃၀ရာခိုင်နှုန်းလောက်ပဲသွေးကြောထဲ ရောက်ပြီး ကျန်တဲ့ (၆၀)ရာခိုင်နှုန်းကျော်က အစာခြေရည်နဲ့တွေ့တဲ့အခါ ပျက်ဆီးသွားပါတယ်။ နောက်ပိုင်း အသားဖြူဆေးတွေမှာ acetyl Glutathione(သို့) liposome glutathione ဆိုတာတွေကို ထုတ်လာကြတယ်။ lipid shield အဆီလွှာကြောင့် ပျက်ဆီးမှုနည်းပြီး သွေးထဲကိုရောက်တယ်။ ဆေးသောက်တဲ့အခါသတိပြုရမှာတွေ ရှိပါတယ်။ အစာအိမ်နာ၊ ပျို့အန်၊ ရင်ဘတ်အောင့်၊ ရင်တုန်၊ ဝမ်းပျက်ဝမ်းလျှောထိ ဖြစ်နိုင်တယ်။ တန်ဆေးလွန်ဘေးဆိုသလို သောက်ဆေးပမာဏအရမ်းများရင် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။

ဆေးရဲ့အာနိသင်ပိုကောင်းအောင် vitamin C ကိုလညိး ထည့်သောက်သင့်တယ်။ အရွယ်တင်နုပျိုအောင်ပေးတဲ့ vitamin C ပမာဏက 10mg/kg လောက် ရှိပါတယ်။ အသားဖြူဖို့ဆိုရငိ ဆေးပမာဏကို နှစ်ဆလောက် လိုလာပြီ။ နေ့စဉ် vitamin C 20mg/kg လောက်ပေးမှ အသားဖြူမှာပါ။ ဒီနေရာမှာ သတိပြုစရာလေးတော့ ပြောပါရစေ။ နေ့စဉ် ဗီတာမင်စီ 500-1000mg ကြား သုံးစွဲရင် အင်တီအောက်စီးဒင့်အာနိသင်ရနိုင်ပေမယ့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာ ဖြစ်တတ်ပြန်တယ်။ ဒါ့ကြောင့် အလွန်အကျွံသောက်တာလည်း သတိထားသင့်ပါတယ်။

၂၀၁၅ နောက်ပိုင်းထုတ်တဲ့ အသားဖြုဆေးတွေမှာ အရေးအကြောင်းအတွက်ပါ ထည့်သွင်းထုတ်လုပ်လာကြတယ်။ ဥပမာ အင်တီအောက်စီးဒင့်ကြွယ်ဝတဲ့ grape seedလိုမျိုး။grape seed မှာပါတဲ့ proanthocyanidinsဓာတ်ကအင်တီအောက်စီးဒင့်တမျုးဖြစ်ပြီး ဗီတာမင်အီးထက် အဆ(၂၀)၊ ဗီတာမင် စီထက် အဆ(၅၀)ပိုမိုအစွမ်းထက်ပါတယ်။ကိုလာဂျင်နဲ့ elastin အမျှင်ဓာတ် ထုတ်လုပ်မှုကို အားပေးလို့မျက်နှာအရေးအကြောင်း ကင်းစင်စေနိုင်တယ်။ နောက်အာနိသင်က နေလောင်လို့ အသားအရေမဲလာတာကို ကာကွယ်ပေးလို့ အသားဖြူဆေးတွေမှာ ထည့်သွင်းအသုံးပြုလာကြတယ်။

အသားဖြူဆေးတွေပေးတဲ့ အခါ glutathione တမျိုးတည်း မပေးသင့်ဘဲ ဆဲလ်တွင်း GSH ပမာဏမြင့်တက်စေတဲ့ဆေးတွေတပြိုင်နက်ပေးမှသာ ပိုမိုထိရောက်ပါတယ်။ GSH precursor လို့ခေါ်ပါတယ်။ အာနိသင်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ Glutathione ပမာဏကို မြင့်တက်စေတာဖြစ်တယ်။ N-acetyl cysteine, selenium, silymarine, R-alpha lipoid acid, whey protein စတာတွေက oxided form ကနေ reduced form ပြောင်းပေးတယ်။ တချို့က အာနိသင်ကောင်းအောင် အသားဖြူဆေးတွေကို ဒီဆေးတွေနဲ့တွဲပေးကြတယ်။

ဂျပန်နိုင်ငံမှာ ရောင်းအားကောင်းတဲ့ taut white အသားဖြူဆေးထဲမှာ L- glutathione သာမက Grape seed extract, ALA,vitamin C ,L-cysteine စတာတွေပါ ထည့်သွင်းထားပါတယ်။ ဆေးက glutathione ပမာဏကို မြင့်တက်စေလို့ glutathione booster လို့ ခေါ်ပါတယ်။အသားဖြူဖို့သာမက တင်းတိပ်၊ အမဲစက်၊ အမဲကွက်တွေ ကင်းစင်စေဖို့ ရည်ရွယ်ထုတ်လုပ်တဲ့သဘောဖြစ်တယ်။ ၂၀၀၄ ခုနှစ်က လေ့လာမှုအရ cosmetic အလှကုန်တွေကြောင့် ဖြစိတဲ့ တင်းတိပ်အမဲစက်တွေကို grape seed extract ပေးခြင်းအားဖြင့် ခြောက်လအတွင်း သက်သာစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အသားဖြူဆေးရွေးချယ်တဲ့အခါ glutathione တမျုးတည်း သုံးစွဲတာထက် glutathione booster တွေ ပါဝင်တဲ့ သောက်ဆေးတွေက ဆေးရဲ့အာနိသင်ကို သုံးဆနီးပါး ပိုမိုအစွမ်းထက်စေမှာ ဖြစ်ပါတယ်။ သတိပြုရမှာက ဆေးသောက်စဉ် နေပူထဲထွက်တာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး
Beauty Secrets မဂ္ဂဇင်း(သြဂုတ်လ)

Facebook Comments
 

Post Author: admin

Leave a Reply

Your email address will not be published. Required fields are marked *